
အစ္စရေး ရေတပ်က သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို ခေါ်ယူလာပါတယ်
အစ္စရေးတို့ ပိတ်ဆို့ထားတာကို အံတုပြီး ဂါဇာဒေသအတွက် ကူညီရေးပစ္စည်းတွေ တင်လာတဲ့ သင်္ဘောတစီးကို အစ္စရေး ရေတပ်က ထိန်းသိမ်းလိုက်ပြီး သင်္ဘော ပေါ်ကို တက်ရောက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းခြေကနေ ၃၀ ကီလိုမီတာ အကွာ အဝေးမှာရှိတဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အစ္စရေးရေတပ်က သင်္ဘောကို အေးချမ်းစွာ နဲ့ပဲ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အစ္စရေးကပြောပါတယ်။အစ္စရေး ရေတပ်က အဲဒီသင်္ဘောကို လမ်းကြောင်းပြောင်းဖို့ အကြိမ်ကြိမ်သတိပေး ပေမယ့် သူတို့ပိတ်ထားတဲ့ ဂါဇာရေကြောင်းဘက်ဆီပဲ ဝင်လာတဲ့အတွက် သင်္ဘောပေါ်ကို တက်ပြီး စီးလိုက်ရတာလို့ ပြောပါတယ်။
ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် အခုတော့ သင်္ဘောကို အက်ရှ်ဒို့ ဆိပ်ကမ်းကို အစ္စရေး တို့က မောင်းခေါ်လာနေပြီဖြစ်ကြောင်းနဲ့ သင်္ဘောပေါ်ပါသူတွေနဲ့ သဘောတူချက် ရခဲ့ပြီး၊ ဘာအကြမ်းဖက်မှုမှမရှိဘဲ အားလုံးငြိမ်ငြိမ်သက်သက်ရှိကြောင်း အစ္စရေး ပြောခွင့်ရ အမျိုးသမီး မီရီအီဆင်က ပြောပြပါတယ်။
သင်္ဘောပေါ်မှာပါလာတဲ့ ပါလက်စတိုင်းအရေး လှုပ်ရှားသူ ၁၁ ဦးကတော့ ဘာမှမခုခံဘဲ အသာတကြည် အဖမ်းခံခဲ့ပါတယ်။
ဒီအပတ်စောစောပိုင်းကတော့ ဂါဇာကိုဦးတည်မောင်းလာနေတဲ့ သင်္ဘောတစီးကို အစ္စရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနှင်းခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာက ပါလက်စတိုင်းအရေး တက်ကြွသူ ၉ ဦး သေဆုံးခဲ့ပါတယ်။
No comments:
Post a Comment